Internet for Myanmar : Powered by KK

Samsung Galaxy Grand 2 Review




Samsung Galaxy Grand 2 ဟာ လူကြိုက်များတဲ့ Galaxy Grand ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ Grand ရဲ့ Specification တွေ က အလယ်အလတ် ရှိပြီး စွမ်းဆောင်ရည် အလယ်အလတ် ရှိတဲ့ ဖုန်းဈေးကွက်မှာ တော်တော် ပေါက်တယ်လို့ ပြောလို့ရပါတယ်။ Grand 2 မှာ သူ့နောင်တော် ထက်ကောင်းမွန်တဲ့ Hardware တွေကို ထည့်သွင်းထားပါတယ်။
Grand 2 ရဲ့ ဈေးနှုန်း ဟာ ၃၆၀၀၀၀ ၀န်းကျင်ရှိတဲ့အတွက် စွမ်းဆောင်ရည် အလယ်အလတ်ဖုန်းတွေရဲ့ ဈေးထက် အနည်းငယ်ပိုမိုများပြားပါတယ်။သူ့နောင်တော် ထက် မျက်နှာပြင် ပိုကြီးလာပြီး ၅.၂၅ လက်မ 720p HD Display တပ်ဆင်ထားပါတယ်။ Quad-Core 1.2GHz Snapdragon 400 Processor ,1.5GB RAM, 2600mAh Battery တပ်ဆင်ထားပါတယ်။

ဒီဇိုင်း
------
Grand 2 ရဲ့ ဒီဇိုင်းဟာ Samsung Galaxy S4 , Galaxy Note 3 တို့ နဲ့ ဆင်တူပြီး မျက်နှာပြင်ရဲ့ ဘေးပတ်လည်က ဘောင်တွေဟာ သေးငယ်လာပါတယ်။ ဖုန်းရဲ့ ဒေါင်လိုက် အရွယ်အစားက ရှည်လာပါတယ်။ ထူးခြားမှု က ဖုန်းရဲ့ အနောက်ဘက်မျက်နှာပြင် ကို Note 3 မှာလို Leather နဲ့ ဖုံးအုပ် ချုပ်လုပ်ထားတဲ့ပုံစံ ပြုလုပ်ထားပေမယ့် ပလတ်စတစ် အခွံသာဖြစ်ပါတယ်။ မျက်နှာပြင် ရဲ့ အထက်မှာ Samsung Logo နဲ့ Earpiece တို့တပ်ဆင်ထားပါတယ်။ Earpiece ရဲ့ ညာဘက်မှာ Proximity နဲ့ Light Sensor တွေကိုတပ်ဆင်ထားပါတယ်။ Sensor ရဲ့ညာဘက်မှာ 1.9MP ကင်မရာတပ်ဆင်ထားပါတယ်။ ကင်မရာ ရဲ့ ညာဘက် အောက်နားမှာ “DUOS” လို့ရေးသားထားပြီး SIM Card နှစ်ခုအသုံးပြုနိုင်တာကိုဖော်ပြထားပါတယ်။ မျက်နှာပြင် ရဲ့ အောက်ဘက် အလယ်တည့်တည့်မှာ Home Button ပါရှိပြီး ဘေးတစ်ဖက်တစ်ချက်မှာ Back Button နဲ့ Menu Button တို့ကို တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်မှာ Power Button တပ်ဆင်ထားပြီး ဘယ်ဘက်မှာ Volume Button တပ်ဆင်ထားပါတယ်။ အောက်ခြေမှာတော့ MicroUSB Port နဲ့ Microphone တပ်ဆင်ထားပါတယ်။ အပေါ်ထိပ်မှာ 3.5mm Audio Jack တပ်ဆင်ထားပါတယ်။ အနောက်ဘက် မှာ 8MP ကင်မရာ နဲ့ LED Flash တပ်ဆင်ထားပါတယ်။ စပီကာ ကို ကင်မရာ ရဲ့ ညာဘက်မှာ တပ်ဆင်ထားပါတယ်။ Samsung Logo ကို ကင်မရာ ရဲ့ အောက်မှာ တွေ့မြင်ရပါတယ်။ အနောက်ဘက် အခွံကိုခွာကြည့်ရင် ဖြုတ်တပ်လို့ရတဲ့ 2600mAh Battery ကိုတွေ့မြင်နိုင်ပါတယ်။ ဘက်ထရီ ရဲ့ အပေါ်မှာ MicroSIM Card ထည့်သွင်းဖို့ Slot နှစ်ခုပါရှိပါတယ်။ MicroSD Card Slot လည်းပါရှိပါတယ်။

မျက်နှာပြင်
------------

Grand 2 မှာ 720p HD 5.25 လက်မ TFT Display တပ်ဆင်ထားပါတယ်။ တစ်လက်မတွင် Pixel သိပ်သည်းဆ (၂၈၀) ပါရှိပါတယ်။ သူ့နောင်တော် ထက် Pixel သပ်သည်းဆ တစ်ရာ ကျော် ပါရှိပါတယ်။ များသောအားဖြင့် ရုပ်ထွက်တွေက ကြည်လင်ပြတ်သားမှု ရှိပါတယ်။ အရောင် ထုတ်လုပ်မှု က အကောင်းကြီးမဟုတ်တာ တွေ့မြင်ရပါတယ်။ ကြည်လင်ပြတ်သားမှု က အကောင်းဆုံး မဟုတ်တာ တွေ့ရပါတယ်။ဒါပေမယ့် အလယ်အလတ်တန်းဖုန်း တွေနဲ့ ယှဉ်ရင် အနည်းငယ်သာလွန်နေပါတယ်။ ထောင့်ပေါင်းစုံက ကြည့်ရင်လည်း သာမာန် စွမ်းဆောင်ရည်မျိုးပေးစွမ်းနိုင်ပေမယ့် ရုပ်ထွက်တွေက ကြည်လင်ပြတ်သားမှု သိပ်မရှိပါဘူး။ အလင်းပြန်မှု တွေကို လည်း တွေ့မြင်ရပါတယ်။ အချုပ်အားဖြင့် Grand 2 ဟာ Grand ထက် Display ပိုင်းမှာ ပိုမိုကောင်းမွန်လာပါတယ်။ စွမ်းဆောင်ရည်မြင့်ဖုန်းတွေနဲ့ မယှဉ်နိုင်ပေမယ့် သူ့ ဈေးနှုန်း နဲ့ ထိုက်တန်တဲ့ မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။

Hardware & Performance
-----------------------------

Grand 2 မှာ Quad-Core 1.2GHz Snapdragon 400 SoC နဲ့ Adreno 305 တို့ တပ်ဆင်ထားပါတယ်။ 1.5GB RAM တပ်ဆင်ထားတာက Multitasking ပြုလုပ်လို့ အဆင်ပြေပါတယ်။ Motorola Moto G မှာ အသုံးပြုထားတဲ့ Chip နဲ့ တူညီပါတယ်။ Internal Storage က 8GB ပါရှိပြီး 5.7GB အသုံးပြုဖို့ကျန်ရှိပါတယ်။ MicroSD Card အသုံးပြုနိုင်ပါတယ်။

စွမ်းဆောင်ရည် အပိုင်းမှာ Grand 2 က အတော်လေးကောင်းမွန်ပါတယ်။ Quad-Core Processor နဲ့ လုံလောက်တဲ့ RAM တို့က အလုပ်တွေကို လျှင်မြန်စွာ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ TouchWiz UI က အနည်းငယ်လေးလံစေတာ တွေ့ရပါတယ်။ တစ်ခါတစ်လေ မှာ App တစ်ခုကိုဖွင့်ရင် အချိန် အနည်းငယ်စောင့်ရတာကိုတွေ့ရပါတယ်။ အချုပ်ပြောရရင် Grand 2 ရဲ့ စွမ်းဆောင်ရည် က ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ မှာ TouchWiz ကြောင့် လေးလံတာ ကိုတွေ့ရပါတယ်။

Gaming Performance
------------------------

ဂိမ်းကစားကြည့်တဲ့အခါမှာ ကောင်းမွန်လျှင်မြန်ပါတယ်။ ဂိမ်းအများစုကို ကောင်းမွန်စွာ ကစားနိုင်ပေမယ့် HD Games တွေကို ကစားရင်တော့ သိပ်ပြီးကောင်းမွန်မှု မရှိပါဘူး။ တစ်ခါတစ်လေ မှာ လေးလံတာတွေ့ရပါတယ်။ သာမာန်ဂိမ်းတွေကို ကစားမယ်ဆိုရင် Grand 2 က ကောင်းမွန်ပါတယ်။ HD Game တွေကို ကစားဖို့ရည်ရွယ်ရင်တော့ Grand 2 က စိတ်ပျက်စရာ ဖြစ်ပါလိမ့်မယ်။

ကင်မရာ
----------

Grand 2 နဲ့ Grand ရဲ့ တူညီတဲ့အချက်က ကင်မရာ ဖြစ်ပြီး အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 1.9MP ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ ကနေ 1080p Video တွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာ ကနေ 720p Video တွေရိုက်ကူးနိုင်ပါတယ်။ Camera Specification တွေ ပြောင်းလဲ မှု မရှိပေမယ့် Camera UI က ပြောင်းလဲသွားပါတယ်။ Android နဲ့ TouchWiz Version အသစ်တွေကို အသုံးပြုထားလို့ဖြစ်ပါတယ်။ Grand 2 ရဲ့ Camera App က S4 , Mega, Note 3 တို့ရဲ့ Camera App နဲ့ တူညီပါတယ်။ ဓာတ်ပုံတွေ ရိုက်ကူးကြည့်တဲ့အခါမှာ ပုံထွက်ကောင်းမွန်ပါတယ်။ အရောင်တွေ စုံလင်ပြီး တိကျပါတယ်။

Software
-----------

Grand 2 မှာ Samsung ရဲ့ စွမ်းဆောင်ရည်မြင့်ဖုန်းတွေက ဆော့ဝဲ တွေပါရှိပါတယ်။ Android 4.3 နဲ့ နောက်ဆုံးထုတ် TouchWiz UI ကိုတွဲဖက်အသုံးပြုထားပါတယ်။ Mulit-Window နဲ့ Pop Up Video Player တို့ကို အသုံးပြုနိုင်ပါတယ်။ Android 4.3 မှာ ပါတဲ့ Multiple Lock-Screen Widgets ကိုအသုံးပြုနိုင်ပါတယ်။ Samsung က Note 3 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Multi-Window စွမ်းဆောင်ချက်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။ Multi-Windows ကို Notification Bar ကနေ အပိတ်၊ အဖွင့်ပြုလုပ်နိုင်ပါတယ်။ Back Button ကို ဖိထားပြီးလည်း အပိတ်၊အဖွင့်လုပ်နိုင်ပါတယ်။ Multi-Windows ကို ဖွင့်ပြီးသွားရင် ဖုန်းစကရင် ရဲ့ ဘယ်ဘက်မှာ မျှားအသေးလေးကိုတွေ့မြင်ရမှာပါ။ အဲဒီ ကနေ App နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ နောက်ထပ်ထူးခြားတဲ့ စွမ်းဆောင်ချက်က Samsung ရဲ့ Apps တွေဖြစ်တဲ့ Browser, Music Player, Video Player တို့ ကို Full Screen အသုံးပြုနိုင်တာဖြစ်ပါတယ်။

ဆက်သွယ်မှု
--------------

Grand 2 မှာ WiFi, Bluetooth, GPS , MicroUSB Port တို့ကို အသုံးပြုနိုင်ပါတယ်။ Dual SIM အသုံးပြုနိုင်ပြီး Smart Dual SIM Feature ပါရှိပါတယ်။ SIM Card တစ်ခုကနေ ဖုန်းခေါ်ဆိုနေတဲ့အချိန်မှာ အခြား SIM Card ကနေ ဖုန်းလက်ခံ ပြောနိုင်ပါတယ်။ NFC တော့ အသုံးပြုလို့မရပါဘူး။ Miracast ကို လည်း အသုံးပြုလို့မရပါဘူး။

ဘက်ထရီ
-----------

Grand 2 မှာ 2600mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ သာမာန်အသုံးပြုမှု တွေအတွက်တော့ Grand 2 ရဲ့ ဘက်ထရီ ကကောင်းမွန်ပါတယ်။ SIM Card နှစ်ခု အသုံးပြုတာတောင် တစ်ရက် အသုံးခံပါတယ်။ ဗီဒီယို တွေ ကြည့်ရင် ခုနစ်နာရီ အသုံးခံတာတွေ့ရပါတယ်။

နိဂုံး
-----

Grand 2 ဟာ စွမ်းဆောင်ရည် အလယ်အလတ် ရှိပြီး မျက်နှာပြင် ကြီးမားတဲ့ ဖုန်း ကိုင်ဆောင်ချင်သူတွေအတွက် သင့်တော်ပါတယ်။ Grand ဟာ Samsung ရဲ့ အောင်မြင်တဲ့ဖုန်းလို့ပြောလို့ရပြီး Grand 2 မှာ Grand ရဲ့ လိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်းပေးထားပါတယ်။

-Myanmar Digital Life Journal

No comments:

Member ၀င်ရန်